ကျောက်ဆည်ခရိုင်အနေဖြင့် စိုက်ပျိုးရေးကိုအခြေခံပြီး ရေမြေသဘာဝကောင်းမွန်သည့် ခရိုင်တစ်ခုဖြစ်သည့်နှင့် အညီ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်ရာတွင် ဟင်းသီးဟင်းရွက်များအနက်မှ ဆူးပုတ်ပင်များကိုလည်း အလေးထားစိုက်ပျိုး လာကြသည်ကိုလည်း တွေ့ရှိရသည်။ ဆူးပုတ်ပင် (၂) မျိုးရှိကြောင်း၊ ပထမတစ်မျိုးမှာ ဆူးပုတ်ကလေးမျိုးဖြစ်ပြီး ဆူးပုတ်ကလေးမျိုးမှာ ဆူးပုတ်ကြီးမျိုးထက် အရွက်အရွယ်အစားရော အပင်အရွယ်အစားပါ သေးငယ်ပြီး အရွက်အနံ့မှာလည်း ဆူးပုတ်ကြီးအပင်လောက် အနံ့မပြင်းကြောင်း၊ ဆူးပုတ်ကလေးအပင်များကို ကျောက်ပန်းတောင်း၊ မကွေးကဲ့သို မြေလတ်ဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ထိုဒေသများ တွင် ဆူးပုတ်ကြီးထက် ဆူးပုတ်ကလေးကို ပို၍ အသုံးများကြပါသည်။ ဒုတိယတစ်မျိုးမှာ ဆူးပုတ်ကြီးမျိုးဖြစ်ပြီး ဆူးပုတ်ကလေးမျိုးထက် အပင်နှင့်အရွက် အရွယ်အစား ပိုကြီးပါသည်။ အရွက်အနံ့မှာလည်း ဆူးပုတ်ကလေးထက်ပို၍ပြင်းကြောင်း၊ ဆူးပုတ်ကြီးကို ပဲကြီးဟင်းချိုချက်ရာတွင် အများဆုံး ထည့်ချက်ကြပါသည်။ ဆူးပုတ်ကြီးမျိုး (၃) မျိုးရှိပြီး ၄င်းတို့မှာ ဆူးကျဲ၊ ဆူးလတ်၊ ဆူးစိပ်မျိုးတို့ဖြစ်သည်။ ဆူးပုတ်ပင်သည် မြန်မာပြည်အနှံ့အပြား တောင်ပေါ်မြေပြန့် ရာသီဥတုမရွေး ဖြစ်ထွန်းသောအပင်ဖြစ်သည်။ အချို့တောင်သူများသည် ခြံစည်းရိုးများတွင် စည်းရိုးအကာအရံအဖြစ် အသုံးပြုပြီး စိုက်ပျိုးကြသည်။ ဆူးပုတ်ပင်ကိုစိုက်ပြီး (၆) လခန့်တွင် ကိုင်းမကြီးမှ ထွက်လာသော အညွန့်များကို ခူးဆွတ်ရကြောင်း၊ အညွန့်ခူးခြင်းကို (၁) ရက်ခူးပြီး (၃) ရက်နားစနစ်ဖြင့် ခူးဆွတ်ပြီး ဆူးပုတ်ပင် အပင်သက်တမ်း (၂၅) နှစ်ခန့်ရှိလျှင် အပင်အိုပြီး အထွက်နည်းလာသောကြောင့် အပင်သစ်များ လဲလှယ်စိုက်ပျိုးပေးရသည်။ စိုက်ပြီးစ အပင်စတင်ခူးချိန်တွင် (၁)ဧကတစ်ကြိမ်ခူးလျှင် တစ်စည်း (၂-၃) ညွန့်ပါ အစည်းပေါင်း(၄၀၀-၅၀၀) ထွက်ရှိပြီး ဒုတိယအကြိမ်တွင် အစည်း (၁၀၀၀-၁၅၀၀) စည်းထွက်ရှိပြီး တတိယနှစ်မှနောက်ပိုင်းတွင် (၁) ဧကတစ်ကြိမ်ခူးလျှင် အစည်း (၅၀၀၀-၈၀၀၀) ခန့်အထိ ထွက်ရှိနိုင်သောကြောင့် ယခုဆူးပုတ်တစ်စည်းလျှင်(၅၀၀/-) ကျပ်ဈေးဖြင့် ရောင်းချရသောကြောင့် အကျိုးအမြတ်ရရှိသဖြင့် နေ့စဉ်ဝင်ငွေရရှိအောင် ဆူးပုတ်ပင်စိုက်ပျိုးသင့်ပါကြောင်း သတင်းရရှိသည်။
DOCA(မန္တလေး)
source: https://www.doca.gov.mm